ဆွမ်းကပ်လှူပုံ
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား ခဲဘွယ်ချိုချဉ် ဆွမ်းဘောဇဉ်ကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
(ဆုတောင်း)
ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို၊ ပေးလှူပါရ ဤပုညကြောင့်၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ မြနှယ်ရွှေနှင့် အနေတင့်၊အဆင့်ဆင့်မြင့်ရလို။
ရေချမ်းကပ်လှူပုံ
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊
ရှင်တော်မြတ်ဘုရားအား စမ်းသီတဂူ ရေဖြူဖြူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
(ဆုတောင်း)
ကြည်လင်အေးမြ ရေလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်၊ ကြည်လင်အေးမြလို။
ပန်းကပ်လှူပုံ
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား၊ ရနံ့မွေးကြူ ပန်းဆူဆူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
(ဆုတောင်း)
အနံ့လည်းသင်း အဆင်းလည်းလှ၊ ပန်းလှူရ၍ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျှက် သွယ်သွယ်ဂုဏ်နှင့်၊ အစုံဆင့် ထုံသင်းကြိုင်ရလို။
ဆီမီးကပ်လှူပုံ
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား
ရှင်တော်မြတ်ဘုရားအား၊ ရောင်ဝါထိန်ညီး မြတ်ဆီမီးကို၊ ပိုပြီးသဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
(ဆုတောင်း)
ထွန်းလင်းတောက်ပ မီးလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ လနှယ်နေနှင့် အသေရေတင့်၊ ဆင့်ဆင့်ထွန်းတောက်လို။